လက်ခံရရှိမှုတို့အားဗိသုကာအသိဖြင့်ခံစားကြည့်ခြင်း (၂)
- AAS-YTU

- Feb 14, 2020
- 1 min read
Students’ Pieces | Week 2
————————————————————
လက်ခံရရှိမှုတို့အားဗိသုကာအသိဖြင့်ခံစားကြည့်ခြင်း (၂)
လက်ခံရရှိမှုတို့ကို ဗိသုကာအမြင် အသိဖြင့် ခံစားနားလည်နိုင်ဖို့ရာ အပြန်အလှန်ထောက်ပံ့လျက်ရှိသောသဘောတရားများအနက်မှ ပြင်းခြင်း၊ ပျော့ခြင်း၊ အလင်း၊ အမှောင်စသည့် သဘောတရားများအကြောင်းကို အပိုင်း (၁)မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအပိုင်း (၂)မှာတော့ “ရွေ့လျားမှုနှင့် ဦးတည်ရာတို့ကို သိမြင်ခံစားခြင်း” အကြောင်းကို ဆွေးနွေးဖော်ပြချင်ပါတယ်။
ကျွန်တော်တို့ လူသားများအပါအဝင် သတ္တလောကမှာ ကျင်လည်ကျက်စားလျက်ရှိသော သက်ရှိ အပင် သတ္တဝါတိုင်းမှာ လှုပ်ရှားမှုကိုယ်စီရှိကြပါတယ်။ ထို့အပြင် ကျွန်တော်တို့ လှုပ်ရှားမှုရှိနေတဲ့အရာတွေအပေါ် သိမြင်ခံစားမှု၊ လှုပ်ရှားမှုတွေကို ခံစားလက်ခံနိုင်မှုက တည်ငြိမ်နေတဲ့အရာများအပေါ်သိမြင်နိုင်မှုနှင့် နှိုင်းစာလျင် ပိုမိုအားကောင်းသည်မှာ ဧကန်ပင်ဖြစ်ပေသည်။ ဥပမာ- သစ်ပင်ကြီးများနှင့် တိတ်ဆိတ်အုံ့မှိုင်းလျက်ရှိသော တောတောင်များအကြားတွင် တောင်တက်ခရီးသွားနေသည်ဟုမှတ်ယူခံစားကြည့်ကြရအောင်။ ထိုတောတောင်များအကြားတွင် တသွင်သွင်စီးလျက်ရှိသော စမ်းချောင်း သို့မဟုတ် အရှိန်အဟုန်ဖြင့်စီးဆင်းနေသော ရေတံခွန်များမှ ရေစီးသံ လှုပ်ရှားမှုဟန် အသံတို့က တောင်တက်ခရီးသွားများ၏ အသိစိတ်ကိုနှိုးဆွကာ ဤအနီးတဝိုက်တွင် ချောင်း သို့မဟုတ် ရေတံခွန်ရှိနိုင်သည်ဟုပင် ခံစားနားလည် သိရှိစေနိုင်မည်ဖြစ်သည်။ ဤသည်မှာ လှုပ်ရှားမှု ရွေ့လျားမှု စီးဆင်းနေမှုတို့ကို အာရုံရရှိပြီး ခံစားမိကာ ထိုအရာတို့၏တည်ရှိနေမှုအားအသိသညာအဖြစ်လက်ခံရရှိသွားခြင်းပင်ဖြစ်သည်။
ကျွန်တော်တို့တွေဟာ ပုံမှန် အချိန်နှင့်တစ်ပြေးညီပြောင်းလဲလျက်ရှိသော အရာတွေမှာ လွန်စွာမှ အသားကျနေတတ်ကြပါတယ်။ ဗိသုကာဖန်တီးမှုဆိုတာဟာလည်း လူသားတို့ အသုံးပြုနေထိုင် လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် (အဓိကအားဖြင့် လူသားတို့အတွက်) ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည့်အလျောက် လူသားတို့ အသားကျလျက်ရှိသော ရွေ့လျားနေမှု၊ လှုပ်ရှားမှုတို့အား ထည့်သွင်းစဉ်းစားခြင်းဖြင့်ကောင်းမွန်သောအလုပ်တစ်ခုကိုဖြစ်လာစေနိုင်ပါသည်။ မိမိစဉ်းစားဖန်တီးလိုသည့်အဆောက်အဦးတစ်ခုအား မြေကွက်အတွင်းစီစဉ်နေရာချရာမှာ “မျက်နှာလှည့်” ဆိုတာ လွန်စွာမှအရေးပါလှပါတယ်။ မျက်နှာလှည့်ကို စဉ်းစားတဲ့နေရာမှာ ထည့်သွင်းစဉ်းစားရတဲ့ အချက်များရှိပေမယ့်လည်း အခုခေါင်းစဉ်အရ အသားပေးဖော်ပြရမယ်ဆိုရင် သဘာဝအတိုင်းအချိန် ၊ ရာသီဥတုအလိုက်ဖြစ်ပေါ်ရွေ့လျား လှုပ်ရှားနေသော နေလမ်းကြောင်း၊ လေလမ်းကြောင်း၊ မိုးရေပက်ခံရနိုင်မှုဖြစ်နိုင်ချေစသည့် လှုပ်ရှား ရွေ့လျားမှုသဘောတရားတို့ကို သိရှိနားလည်ကာ မိမိ၏ ဒီဇိုင်းတွင် ထည့်သွင်းစဉ်းစားနိုင်ပေသည်။
ဗိသုကာအသိဖြင့် ဒီဇိုင်းပြုလုပ်ရာမှာ ထုထည် ပုံသဏ္ဌာန်တို့၏ အရွေ့ အလှုပ်များကသာမက ထိုဖန်တီးမှုလက်ရာများအား ဝင်ရောက်အသုံးပြုနေသူတို့၏ လှုပ်ရှားမှုတို့သည်လျှင်ပင် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်လျက်ရှိနေသည်။ ဖန်တီးသူက ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းများကို အသုံးပြုကာ သတ်မှတ်ထားသောနေရာများတွင် လုပ်ငန်းဆောင်တာများကိုပြုလုပ်ကာ ထိုဖန်တီးမှုအား အသုံးပြုခြင်းသည် ထိုဖန်တီးမှု၏ လှုပ်ရှားမှု ရွေ့လျားနေမှုတို့ကို သိမြင်ခံစား လက်ခံရရှိနိုင်ရန်အတွက် များစွာအရေးပါပေသည်။
ထိုမှတစ်ဆင့် ဆက်စပ်သုံးသပ်ကြည့်လျှင် ရွေ့လျားလှုပ်ရှားမှုများကို သိမြင်ခံစားလက်ခံရရှိခြင်းတွင် “လမ်းကြောင်း” များ၏အရေးပါမှုကိုတွေ့နိုင်ပေသည်။ လမ်းကြောင်းများသည်လည်း အသုံးပြုမှုနည်းလမ်းအမျိုးမျိုးပေါ်မူတည်၍ လှေကား၊ လှေကားခွင်၊ ဆင်ခြေလျှော၊ စင်္ကြန်လမ်း၊ လျှောက်လမ်းစသည်ဖြင့် အဆောက်အဦးတစ်ခု၏အစိတ်ပိုင်းမျိုးစုံတွင် ပုံစံမျိုးစုံဖြင့်ရှိနေနိုင်ပေသည်။ ထိုအစိတ်ပိုင်းများတွင်လည်း ရွေ့လျားမှုနှင့် ဦးတည်ရာတို့ကိုညွှန်ပြ ဖော်ပြနေသော ကိုယ်ပိုင်ဟန်များရှိနေပေသည်။ လှေကားခွင်ဟုဆိုလျှင် အမြင့်ခြားနားလျှက်ရှိသောအထပ်များအား လှေကားကိုအသုံးပြု၍ သွားလာနိုင်ရန် ဆက်သွယ်ပေးထားသော လမ်းကြောင်းဟု၍ပင်သိနိုင်ပေသည်။ (ပုံ-၁ တွင်ကြည့်ရန်။)

ပုံ-၁ အထပ်များအား လှေကားများဖြင့်ဆက်သွယ်ထားပုံ
ထို့အတူ စင်္ကြန်ဟုဆိုပါကလည်း ရေပြင်ညီမျက်နှာပြင်တစ်ခုထဲတွင်ရှိနေသော နေရာများ အခန်းများကိူဆက်သွယ်ပေးထားသောလမ်းကြောင်းဟုသိနိုင်ပေသည်။ (ပုံ-၂ တွင်ကြည့်ရန်။) အချုပ်အားဖြင့်ဆိုရသော် ထိုလမ်းကြောင်းများ၏လှုပ်ရှားမှု ဟန်၊ သဏ္ဌာန်နှင့် ဦးတည်ရာတို့ကိုသိမြင်ခံစားမိကာ လက်ခံရရှိမှုတို့ကို မိမိကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာ၍ အသုံးပြုနိုင်ပေသည်။

ပုံ-၂ စင်္ကြန်လမ်းများဖြင့် အခန်းများအားဆက်သွယ်ထားသည့်ဖြတ်ပိုင်းပုံ
လမ်းကြောင်းတို့သည် အဆောက်အဦးတို့၏ ရွေ့လျားနေမှု လှုပ်ရှားနေမှုတို့ကို သိရှိခံစားလက်ခံရရှိနိုင်ရန်သာမက မြို့ပြတစ်ခု၏ ရွေ့လျားနေမှု တစ်နည်းအားဖြင့်ဆိုသော် ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပေသည်။ မြို့ပြပတ်ဝန်းကျင်နှင့် အသိုင်းအဝန်းကိုကောင်းမွန်စွာနားလည်သူအဖြစ်ထင်ရှားသည့် “အမေရိကန်ဗိသုကာပညာရှင်-မြို့ပြစီမံကိန်းရေးဆွဲသူ Kevin Andrew Lynch “ ရှာဖွေတွေ့ရှိခဲ့သည့် “ 5-Lynchin Elements” တွင် လမ်းကြောင်းများသည် လမ်းမ၊ လမ်းသွယ်၊ နောက်ဖေးလမ်းကြား၊ မီးရထားသံလမ်း၊ လူလျှောက်လမ်းများနှင့် မြောင်းများ၊ ချောင်းများ၊ မြစ်များ အစရှိသဖြင့် မြို့ပြ၏ အရေးကြီးသောအစိတ်အပိုင်းများအဖြစ်ပါဝင်ကာမြို့ပြတစ်ခုကို သက်ဝင်လှုပ်ရှားစေရုံသာမက မြို့ပြတစ်ခုနှင့်တစ်ခုတို့၏ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူစွမ်းအားအရင်းမြစ်တို့ကို ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိသည်ကိုတွေ့ရသည်။ (ပုံ-၃ တွင်ကြည့်ရန်)

ပုံ-၃ 5-Lynchian Elements
ထို့ကြောင်ပင် ကျွန်တော်တို့သည် လှုပ်ရှားမှု၊ ရွေ့လျားမှု၊ ဦးတည်မှုတို့၏ ပုံစံအမျိုးမျိုးနှင့်ဟန် သဏ္ဌာန်၊ သဘောတရားတို့ကို သိရှိနားလည် လက်ခံရရှိနိုင်ပါက မိမိ၏ဖန်တီးမှုများတွင်လည်း ကောင်းမွန်စွာပြန်လည် အသုံးချနိုင်မည်ဖြစ်သည်။
ကိုမငျးခနျ့ (ပဉ်စမနှစျ၊ ဗိသုကာ) _____________________________________________ ref: Fundamental of Architecture:Space (Perception) Architecture: Form, Space and Order - Francis D.K. Ching The Image of the City - Kelvin Lynch(1960)
အပိုင်း(၃)ဆက်ရန်။



Comments