top of page

လက်ခံရရှိမှုတို့အားဗိသုကာအသိဖြင့်ခံစားကြည့်ခြင်း (၁)

  • Writer: AAS-YTU
    AAS-YTU
  • Feb 7, 2020
  • 1 min read

Students’ Pieces | Week 1 ———————————————————— လက်ခံရရှိမှုတို့အားဗိသုကာအသိဖြင့်ခံစားကြည့်ခြင်း (၁)


ree

ပုံ ၁) ပြဇာတ်ရုံအတွင်း ကပြဖျော်ဖြေနေကြသူများ

ကျွန်ုပ်တို့ နေ့စဉ်နေထိုင်မှုတွေမှာ ဗိသုကာအသိပညာ၊ အတတ်ပညာများဖြင့် ဖန်တီးဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ အဝန်းအဝိုင်းတွေကို ဖြတ်သန်းသွားလာ အသုံးပြုကြတဲ့အခါမျိုးမှာ အသုံးပြုသူတစ်ဦးတစ်ယောက်ချင်းစီမှာ ခံစားမှု ကျေနပ်မှု ပီတိဖြစ်မှုအမျိုးမျိုးတို့ကို ကြုံတွေ့ဖူးကောင်း ကြုံတွေ့ဖူးကြမှာပါ။ ထိုကဲ့သို့သောအခြေအနေမျိုးကို စကားလုံးအဖြစ်နဲ့ ပြန်ပြောင်းပြောရမည်ဆိုလျှင် ဗိသုကာအတတ်ဖြင့် ခံစားဖန်တီးထားမှုများ၊ ထိုဖန်တီးချက်များ​၏ထင်ဟပ်မှုများကိုအသုံးပြုသူလူသားတစ်ယောက်​၏ အာရုံငါးပါးတို့မှ ကောင်းမွန်စွာ လက်ခံရရှိလိုက်ခြင်း သိမြင်ခံစားမိခြင်းဟုပင် ပြန်ဆိုချင်ပါတော့သည်။ ထိုကဲ့သို့သော သိမြင်ခံစားချက်များကို လက်ခံရရှိခြင်းသည် ဗိသုကာနယ်ပယ်အတွင်းလက်တွေ့လေ့ကျင့်လျက်ရှိသောသူများ၊ လေ့လာအားထုတ်လျက်ရှိသော ကျောင်းသူကျောင်းသားများနှင့် ဒီဇိုင်းပညာနှင့်ဆက်စပ်လုပ်ကိုင်လျက်ရှိသော သူများသာမက ထိုဗိသုကာဖန်တီးမှုများကို ခံစားအသုံးပြုမည့်သူများ အားလုံးအတွက်ပါအရေးကြီးသောအရာတစ်ခုပင်ဖြစ်ပေသည်။ ထိုသိမြင်ခံစားချက်များ လက်ခံရရှိနိုင်မှုကို အထောက်အပံ့ပေးလျက်ရှိသော အပြန်အလှန်ကျေးဇူးပြုလျက်ရှိသော ဗိသုကာသဘောတရားများသည်လည်း မြောက်မြားများပြားစွာရှိနေပေသည်။ ထိုကဲ့သိုသော သဘောတရားများအနက်မှ အရေးကြီးသော သဘောတရားအချို့ကို အနည်းငယ်မျှ ဖော်ပြချင်ပါတယ်။

၁) ပြင်းခြင်း၊ ပျော့ခြင်း၊ အလင်း၊ အမှောင်။

အလင်းတစ်ခု သို့တည်းမဟုတ် အရောင်တစ်ခု အသံတစ်ခု စသည်တို့တွင် တောက်ပသော ပို၍လင်းသော စူးရှသောအရာတို့က မှောင်သော ထိုင်းသောအရာတို့ထက် လူသားတို့​၏စိတ်အာရုံတို့ကိုဖမ်းစားနိုင်ပေသည်။ ဥပမာပြုရမည်ဆိုလျင် ပြဇာတ်ရုံတစ်ခုအတွင်း ပြဇာတ်တစ်ခုကပြဖျော်ဖြေနေချိန်တွင်း လူတို့၏အာရုံစူးစိုက်မှုကို အများဆုံးရရှိထားသည်မှာ မည်သည့်အရာဖြစ်သည်ဟုသင်ထင်ပါသလဲ။ သေချာသည်ကတော့ ပြဇာတ်အတွင်း မီးမောင်းထိုးပြထားသော သရုပ်ဆောင်များနှင့် ပြကွက်များကသာ အားလုံး​၏အာရုံကိုဆွဲဆောင်ထားနိုင်မည်ဖြစ်သည်။ ဤသည်မှာ အမှောင်တွင်းမှကြည့်ရှုသူပွဲကြည့်ပရိသတ်အပေါင်းသည် အလင်းရောင်​၏ ပြင်းအားအများဆုံးဖြစ်နေသော နေရာ၊ မိမိ၏တည်ရှိရာနေရာ​၏သဘာဝနှင့် ဆန့်ကျင်လျက်ရှိနေသောအရာများကို ပိုမိုသာလွန်စွာ သိရှိလက်ခံနိုင်သောကြောင့်ဖြစ်ပေသည်။ (ပုံ ၁) နှင့် ၂) တွင်ကြည့်ရန်) ထို့အတူပင် ဗိသုကာအသိပညာ အတတ်ပညာတို့ကို အသုံးချ၍ အရောင် နှင့် အလင်း စသည်တို့ကို ပေါင်းစပ်ထည့်သွင်းစဉ်းစားထားသော အဆောက်အဦးတို့တွင်လည်း ထိုပြင်းခြင်း ပျော့ခြင်း လင်းခြင်း မှောင်ခြင်းသဘောတရားတို့က အသုံးပြု၊နေထိုင်သူများ ဗိသုကာ​၏ဖန်တီးမှုများကို သိမြင်ခံစားလက်ခံနိုင်ခြင်း လက်ခံရရှိခြင်းတို့ကို ကောင်းစွာ အထောက်အကူပြု ကျေးဇူးပြုနေပေသည်။


ree

ပုံ ၂) ပြဇာတ်ရုံအတွင်း ကပြဖျော်ဖြေနေကြသူများ

ထူထဲသောကွန်ကရစ်နံရံများအတွင်းလူသားများ နေထိုင်၊အသုံးပြုရန်အတွက်ဖန်တီးပြုလုပ်ထားသောနေရာများအတွင်းတွင် သဘာဝအလင်း​၏ပြင်းခြင်း ပျော့ခြင်း အလင်း အမှောင်သဘောတရားတို့ကို အရေးကြီးသည့်အရာ၊ ဒီဇိုင်း​၏အသက်ဟုပင်ဆိုကာ အသုံးပြုသော ကမ္ဘာကျော်ဗိသုကာကို လက်ညှိုးထိုးပြပါဟုဆိုလျင် ဂျပန်ဗိသုကာပညာရှင် တဒအို အန်ဒို (Tadao Ando) သာလျှင် မလွဲမသွေဖြစ်ပေလိမ့်မည်။ သူ​၏အထင်ကရဖန်တီးမှုများထဲတွင် "Church of Light" ခေါ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ လွန်စွာမှာရိုးရှင်းလှသောကွန်ကရစ်အကာအရံ ၆ခုဖြင့် အမှောင်ထုကိုခံစားစေကာ အရှေ့ဘက်မျက်နှာစာနံရံတွင် လက်ဝါးကပ်ကိုင်သင်္ကေတကိုဖောက်ထုတ်၍ အမှောင်ထုအတွင်းသို့ ထိုမှတဆင့်အလင်းကိုဝင်စေပြီး အလင်း​၏ပြင်းအားကို ခံစားသိရှိစေခြင်းဖြင့် ဒီဇိုင်းဖန်တီးထားသည်ကိုတွေ့ရသည်။ ဤသည်ကပင် ထိုဘုရားဝတ်ပြုရာနေရာအတွင်းတွင်း လာရောက်ဝတ်ပြုကြသူများအား တည်ငြိမ်မှု၊ လေးနက်မှု၊ ရိုကျိုးမှု၊ ကျိုးနွံမှုတို့နှင့်အတူ ဝတ်ပြုနိုင်သည်ဟုပင် သိမြင်ခံစား လက်ခံစေသည်ကိုတွေ့ရသည်။ ထိုနည်းတူပင် သဘာဝအလင်းရောင်ကို ဘုရားဝတ်ပြုခန်းအတွင်းသို့ ဆွဲငင်ဝင်ရောက်စေသော နံရံရှိလက်ဝါးကပ်တိုင်သဏ္ဌာန် သည်လည်းပဲ ထိုအလင်း​၏ပြင်းအားနှင့် လှုံ့ဆော်မှုဖြင့် ဘာသာရေးအထိမ်းအမှတ်ပုံစံတစ်ခုအဖြစ် ထိုဘုရားဝတ်ပြုကျောင်း​၏အရှေ့ဘက်နံရံကို ပိုမိုထင်ရှားစေသည်ကို တွေ့ရပါသည်။ (ပုံ ၃) နှင့် ၄) တွင်ကြည့်ရန်) ကိုမငျးခနျ့ (ပဉ်မနှစျ၊ ဗိသုကာ)


ree

ပုံ ၃) တဒအို အန်ဒို၏လက်ရာ Church of Light

ree

ပုံ ၄) တဒအို အန်ဒို၏လက်ရာ Church of Light _____________________________________________ ref: Fundamental of Architecture:Space (Perception) AD Classics: Church of the Light / Tadao Ando Architect & Associates -Andrew Kroll (www.archdaily.com) အပိုင်း(၂)ဆက်ရန်။

Comments


bottom of page