top of page

ဗိသုကာတို့အတွက် စတူဒီယိုဇာတ်ကွက်

  • Writer: AAS-YTU
    AAS-YTU
  • Mar 20, 2020
  • 1 min read

Students’ Pieces | Week 7

———————————————————-

“ဗိသုကာတို့အတွက် စတူဒီယိုဇာတ်ကွက်”

အပိုင်း (၁)

​ဗိသုကာတို့အတွက် အပိုင်းအစများ.....။ ထိုအပိုင်းအစများအတွက် ကျွန်တော်သည်လည်း တစ်ပိုင်းတစ်စလောက် ဝေမျှချင်ပါသည်။ သီအိုရီတွေ၊ သဘောတရားတွေ၊ material အကြောင်းတွေ၊ Law တွေ၊ နိယာမတွေမဟုတ်။ ရိုးရိုးရှင်းရှင်းကလေးသာ။ စတူဒီယိုဟုဆိုလိုက်၍ ဗိသုကာကျောင်းသားများ အကြီးကြီးမတွေးစေလို။ ကျွန်တော်တက်ခဲ့ရသော စာသင်ချိန်တစ်ချိန်က အတွေးစကလေးများကိုသာ ထပ်မံ စိတ်ကူးနယ်ချဲ့ထားခြင်း ဖြစ်သည်။ ​ကျွန်တော်တို့တစ်တွေကို အတန်းထဲမှာ Project စပေးလို့ ဒီဇိုင်းစ စဉ်းစားရင် ဘယ်ကနေ ဒီဇိုင်းတွေ စထွက်လာတာလဲလို့ စဉ်းစားဖူးပါသလား....? ဒီဇိုင်းစစဉ်းစားလိုက်လို့ “Design Concept” တစ်ခုထွက်လာတယ်။ ထို concept ကဘယ်ကနေ ရောက်ရှိ လာပါသလဲ....? ……. ​“Memory ဟုခေါ်သော ကျွန်တော်တို့၏ မှတ်ဉာဏ်များမှ ထွက်ပေါ်လာပါသည်။” ငယ်စဉ်ကလေးဘဝ ကတည်းက တွေ့ကြုံခဲ့ရသော “Experience” များကို အမှတ်တမဲ့ဖြစ်စေ၊ နှစ်သက်၍ဖြစ်စေ မှတ်ဉာဏ်ထဲတွင် သိုမှီးခဲ့ကြသည်။ Project တစ်ခုစစဉ်းစားသောအခါ ထို “Memory” များထဲမှ ပတ်သက်ရာတစ်ခုကို ဉီးနှောက်၏ အကန့်များထဲမှ ထုတ်ပေးလိုက်လေသည်။ ၎င်း Memory များ၊ Experience များမှတစ်ဆင့် ကိုယ်လုပ်ချင်သော ဒီဇိုင်းသည် ကိုယ့်ခေါင်းထဲမှ ထွက်လာလေသည်။ ဉပမာပြရသော် ကျွန်တော်တို့ လူသားတိုင်းလိုလိုပင် “ငါတော့ ကြီးလာရင် ဘယ်လိုအိမ်မျိုးလေးမှာ နေချင်လိုက်တာ....” စသဖြင့် “Dream House” ကိုယ်စီ ရှိကြသည်။ ဖြတ်သွားဖြတ်လာရင်းဖြစ်ဖြစ်၊ လူမှုကွန်ရက်ပေါ်မှာပဲဖြစ်ဖြစ်၊ တစ်နေရာကပဲဖြစ်ဖြစ် အိမ်လှလှလေးများကို တွေ့သောအခါ အားကျတတ်ကြသည်။ ထိုအရာများသည် မိမိ၏ မှတ်ဉာဏ်ထဲသို့ အလိုလိုရောက်ရှိသွားလေသည်။ ထိုနည်းတူစွာပင် မိမိလက်ရှိနေနေသော အိမ်တွင် တစ်ခုခုနေထိုင်ရတာ အဆင်မပြေ၍ စိတ်ထဲတွင် အဆင်ပြေအောင် စိတ်ကူးယဉ်ကြည့်သည်။ ၎င်းသည်ပင် ဗိသုကာ ဖြစ်ပေသည်။ ထို “Memory” များ၊ အတွေ့အကြုံများဖြင့်ပင် စတူဒီယို Project တစ်ခုကို စတင်မိလေ့ရှိသည်။


ree

၎င်း“Memory” များ၊ အတွေ့အကြုံများကို ဘယ်လိုရသလဲဆိုရင် အာရုံငါးပါးဖြင့် လက်ခံ ရရှိခဲ့ကြသည်။ နား၊ နှာခေါင်း၊ မျက်စိ၊ စိတ်၊ အထိအတွေ့တို့ဖြင့် အတွေ့အကြုံအမျိုးမျိုးကို လူတိုင်းလိုလို ဘဝတစ်လျှောက် သိုမှီးခဲ့ကြသည်။ အများအားဖြင့် အမြင်အာရုံဖြစ်သော မျက်လုံးဖြင့် မြင်တွေ့ခဲ့ကြသည်။ ထိုအရာများသည် သာမာန် လူအများစုအတွက် မထူးခြားလှသော်လည်း ဗိသုကာ ကျောင်းသားများကမူ ပြန်လည်နှိုးဆွကာ ထုတ်ယူ သုံးစွဲလေ့ရှိသည်။ ကိုယ့်ရဲ့အတွေးအမြင်များ အခုထက်ပို ကျယ်ပြန့်လာအောင်၊ ဒီဇိုင်းများပိုမိုကောင်းမွန်လာအောင် (ဒီဇိုင်းစတူဒီယိုတွင် အမှတ်များများရအောင်) ကိုယ့်ရဲ့ “Memory” ထဲတွင် “Data” များများ သိုမှီးထားရန် လိုအပ်ပါသည်။


ree

ထို့ကြောင့် Design တွေ ခေါင်းထဲက မထွက်ဘူးလား...? ခေါင်းထဲတွင် Memory များ များများစားစား မရှိ၍ဖြစ်သည်။ လိုအပ်တိုင်း Memory များထွက်လာစေရန် Data များများ စုရပေမည်။ ကျောင်းသားဆိုလည်း ကျောင်းသားအလျောက် သူ့သက်ဆိုင်ရာ အတန်းအလိုက် ဉီးနှောက်ထဲတွင် Data များရှိရန်လိုအပ်ပေသည်။ သို့ဖြစ်၍ စာများများဖတ်၊ ပုံများကို များများကြည့်၊ ဒီဇိုင်းများနှင့် အမြဲတမ်းထိတွေ့ကာ ပတ်ဝန်းကျင်ကို စိတ်ဝင်တစားရှိလျှင် ဗိသုကာကျောင်းသားဘဝ၌ စတူဒီယိုဇာတ်ခုံပေါ်တွင် ပျော်ပျော်ကြီးကသွားနိုင်မှာ ဧကန်ပင်ဖြစ်သည်။​။ ကိုမငျးထိုကျကြောျ (ပဉ်စမနှစျ၊ ဗိသုကာ) (မန္တလေးနည်းပညာတက္ကသိုလ်) ———————————————————— အပိုင်း (၂) ဆက်ရန်။

Comments


bottom of page