Students' Pieces
- AAS-YTU

- May 15, 2020
- 2 min read
Students' Pieces | Week 15
__________________________________
ဗိသုကာလက်ရာများကို ခြုံငုံလေ့လာခြင်း
အဆောက်အဦးတွေဆိုတာဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ ရင်းရင်းနှီးနှီးတွေ့မြင်နေရတဲ့ လူသားတွေဖန်တီးထားတဲ့ တီထွင်မှုတွေထဲက တစ်ခုပါ။ ရှေးပဝေသဏီကတည်းက ယခုအချိန်ထိ ခေတ်အဆက်ဆက် လူနေမှုအဆင့်အတန်းတွေနဲ့ နေထိုင်ရာပတ်ဝန်းကျင်တွေ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာတာ ဤအဆောက်အဦးတွေကိုဖန်တီးတဲ့ ဗိသုကာပညာကြောင့်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဆောက်အဦးပေါင်း မြောက်များစွာရှိသည့်အနက် တချို့ဆိုရင်နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ အဆောက်အဦးတွေလည်း ပါဝင်ပါတယ်။ ကမ္ဘာဦးအစက လူသားများနေထိုင်ခဲ့တဲ့ ကျောက်ဂူများ၊ တဲအိမ်များမှ ယနေ့ခေတ် မိုးမျှော်တိုက်ကြီးတွေအထိ မတူညီတဲ့ဓလေ့ထုံးတမ်းများနဲ့ မတူညီတဲ့ဗိသုကာဟန်များက ဗိသုကာသမိုင်းကို စိတ်ဝင်စားဖွယ်ကောင်းစေသလို အံအားလည်းသင့်စေပါတယ်။ အနောက်တိုင်းဗိသုကာမှာဆိုရင် Classical, Gothic, Renaissance, Baroque, Rococo စသဖြင့် တစ်ခေတ်ပြီးတစ်ခေတ် ဗိသုကာစတိုင်များနှင့် ယဉ်ကျေးမှုဓလေ့များ ပြောင်းလဲလာသကဲ့သို့၊ အရှေ့တိုင်းဗိသုကာအဖြစ် တရုတ်၊ ဂျပန်၊ ကိုးရီးယား စသည့်နိုင်ငံများမှ စွဲမက်စရာကောင်းလွန်းတဲ့ အဆောက်အဦးများကလည်း ဗိသုကာအဆင့်အတန်းကို တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်စေခဲ့ပါတယ်။
ကျွန်တော်တို့ဟာ အဆင့်မြင့်နည်းပညာတွေနဲ့ အသစ်အသစ်တွေကို ဖန်းတီးနေသော်လည်း အဟောင်းတွေကိုမေ့ထားလို့မရပါဘူး။ သမိုင်းထဲက အတုယူစရာတွေကို အတုယူရတယ်။ မှီငြမ်းစရာတွေကို မှီငြမ်းရတယ်။ လေ့လောစရာတွေကို လေ့လာရပါတယ်။ ကမ္ဘာကျော်အာခီတက်ကြီးတွေဖြစ်တဲ့ Louis Kahnတို့၊ LeCorbusierတို့ဆိုရင်လည်း ရှေးဟောင်းဗိသုကာများကိုပဲ အခြေခံကာ ခေတ်သစ်စတိုင် ဒီဇိုင်းများကို ဖန်တီးလေ့ရှိတဲ့သူတွေဖြစ်တာကို တွေ့နိုင်ပါတယ်။ သို့ဖြစ်သောကြောင့် ကျွန်တော်တို့ဟာ ရှေးယခင်ကတည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာတွေကို လေ့လာဖို့လိုအပ်ပါတယ်။ ဗိသုကာအဆောက်အဦးတွေကို လေ့လာတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းတူကြမှာမဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံ၊ ဗဟုသုတ စတာတွေအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ သို့သော်လည်း ဗိသုကာအဆောက်အဦးတွေကို လေ့လာခြင်းအားဖြင့် ဗိသုကာပညာအကြောင်းကို ပိုသိလာကာ ဗိသုကာကို ပိုမြတ်နိုးတန်ဖိုးထားလာမှာ ဖြစ်ပါတယ်။
အဆောက်အဦးတစ်ခုကို ယေဘုယျအားဖြင့် ဘယ်လိုလေ့လာကြမလဲ?
အဆောက်အဦးတစ်လုံးကို ကြည့်မယ်ဆိုရင် အများအားဖြင့် အပြင်ပိုင်းပုံသဏ္ဌာန်ကို အရင်မြင်ရမှာဖြစ်ပြီး အဆောက်အဦးအမျိုးအစားအလိုက် ၎င်းရဲ့ပုံသဏ္ဌာန်နဲ့ အရွယ်အစားတွေက အမျိုးမျိုးကွပြားနိုင်ပါတယ်။ အပြင်ပိုင်းပုံသဏ္ဌာန် ကို လေ့လာပီးရင်တော့ ၎င်းရဲ့အတွင်းပိုင်းဖွဲ့စည်းပုံတွေ၊ အတွင်းနဲ့အပြင် ဆက်စပ်မှုတွေကို ကြည့်ရပါမယ်။ ဒါပြီးရင်တော့ အဲဒီအဆောက်အဦးမှာ မွမ်းမံခြယ်လှယ်ထားတဲ့ ဗိသုကာလက်ရာ အသေးစိတ်များကို လေ့လာမှတ်သားရမှာပဲ ဖြစ်ပါတယ်။
အပြင်ပိုင်းပုံသဏ္ဌာန် (Exterior Form)
ဗိသုကာအဆောကအဦးတွေတိုင်းမှာ သူ့ကိုယ်ပိုင်ပုံသဏ္ဍန်တွေရှိကြပါတယ်။ အဲဒီပုံသဏ္ဌာန်(Form)တွေကို ဘယ်လို Design principle တွေကို အသုံးပြုပြီး ဖန်တီးထားလဲ၊ သူ့ပတ်ဝန်းကျင်မှာ ထူးခြားနေအောင်လုပ်ထားတာလား၊ ဒါမှမဟုတ် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ထားတာလား၊ မျက်နှာစာ(Facade) က ခေါက်ချိုးညီ(symmetry)ဖြစ်သလား၊ ပုံမှန်မဟုတ်တဲ့ irregularလား၊ inner courtyard ပါတာ မပါတာ စသဖြင့် အဆောက်အဦး တစ်ခုနဲ့တစ်ခုရဲ့ ဝိသေသလက္ခာဏာတွေက မတူညီကြပါဘူး။
ကျစ်လျစ်ခြင်း နှင့် ကျယ်ပြန့်ခြင်း
အဆောက်အဦးအမျိုးအစားခြင်း တူရင်တောင်မှ ၎င်းအဆောက်အဦးကိုဆောက်တဲ့ အာခီတက်နဲ့ အဆောက်အဦးပိုင်ရှင်ပေါ်မူတည်ပြီး ဒီဇိုင်းတွေဟာ ကွဲပြားလေ့ရှိပါတယ်။ ဒီနေရာမှာ Villa Capra နဲ့ Palace of Versailles ကို သာဓကပြလိုပါတယ်။ အာခီတက် Palladio ဒီဇိုင်းရေးဆွဲခဲ့တဲ့ အီတလီက Villa Capra ဟာ ကျစ်လျစ်တဲ့ပုံသဏ္ဌာန်ရှိပြီး ခေါက်ချိုးညီ(symmetrical)ဖြစ်ကာ အလယ်ဗဟိုကိုစုနေတဲ့ centralize ပုံစံမျိုးပါ။(ပုံ-၁) ဒီလိုအိမ်မျိုးဟာ compact formဖြစ်တဲ့အတွက် တော်ရုံသင့်ရုံမြေကွက်မှာ သူ့ဟာနှင့်သူ ခမ်းနားကြီးကျယ်ပြီး သမားရိုးကျပုံစံ(formal) ဖြစ်နိုင်သော်လည်း အချို့က ရှည်လျားပြီး ကျယ်ပြန့်တဲ့ပုံသဏ္ဌာန်ကို ကြိုက်ကြပါတယ်။ ဥပမာ Versailles နန်းတော်မှာဆိုရင် ရှည်လျားပြီး ရှုပ်ထွေးတဲ့ မျက်နှာစာရှိပြီး အဝင်ဝမှာ ကျယ်ပြန့်တဲ့ မြေပြင်ရှုခင်း(landscape) တစ်ခုပါရှိပါတယ်။ အဆောက်အဦးနှစ်ခုရဲ့ ပုံသဏ္ဌာန်ကွဲသွားတာနဲ့ နေထိုင်မှုပုံစံတွေပါ ခြားနားသွားပါတယ်။ Villa Capraမှာဆိုရင် တည်တည်ငြိမ်ငြိမ် ခံ့ခံ့ညားညား နေထိုင်မှုပုံစံကိုပေးသလို Versailles နန်းတော်ဟာဆိုရင်လည်း ကျယ်ပြန့်ပြီးလှပတဲ့ landscapeကို ၎င်း၏ ရှည်လျားကြီးကျယ်တဲ့ပုံသဏ္ဍန်နဲ့ ပေါင်းစပ်ကာ အလျှံအပယ်ပေါ်ကြွယ်ဝမှုများကို ထင်ဟပ်နေစေပါတယ်။(ပုံ-၂)
ပုံသဏ္ဌာန်(Form)နှင့် ကိုးကွယ်ယုံကြည်မှု
ဘာသာရေးအဆောက်အဦးတွေဟာလည်း အခြားအဆောက်အဦးများနည်းတူ ကွဲပြားခြားနားမှုတွေရှိကြပါတယ်။ ဗလီကျောင်းတွေဆိုရင် ဝတ်ပြုဖို့ ခန်းမအကျယ်ကြီးတွေ၊ လိပ်ခုံးအမိုး(Dome)၊ ဘေးပတ်ပတ်လည်က ထောင်မတ်နေတဲ့မျှော်စင်တွေ စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာဆိုရင်လည်း ချွန်ထက်နေတဲ့ အညွန့်အတက်တွေ၊ ခေါင်တွေ၊ အမိုးချွန်တွေနဲ့ plan မှာ အလျားကိုပိုရှည်တာတွေကို တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆိုရင်လည်း ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာ အလယ်ကိုဗဟိုပြုပြီး အပေါ်ကိုမြင့်တက်သွားတဲ့ပုံသဏ္ဌာန်မျိုးတွေကို တွေ့ရမှာပါ။ ဒီလိုမျိုး မတူညီကွဲပြားမှုတွေဟာ ၎င်းအဆောက်အဦးတွေကို အသုံးပြုပုံနဲ့ ဘာသာရေးအပေါ်ယုံကြည်မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ဗလီကျောင်းတွေဟာ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းဖို့အတွက် နေရာအကျယ်ကြီးတွေလိုသဖြင့် ဗလီအများစုရဲ့အလယ်မှာ ခန်းမကျယ်ကြီးတွေပါဝင်နေရခြင်း ဖြစ်တယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာရှိတဲ့ ချွန်ထက်နေတဲ့အမိုးတွေက ခရစ်ယာန်ဘာသာရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ပြသတဲ့သင်္ကေတာဟုဆိုသလို ကောင်းကင်ဘုံသို့ ညွှန်ပြနေတဲ့ သင်္ကေတတစ်ခုလို့လည်း ဆိုကြပါတယ်။ အလားတူ ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာလည်း ပြေပြစ်တဲ့လှေကားထစ်လေးတွေကတစ်ဆင့် ဗုဒ္ဓကိုဖူးမြော်ကာ ဗုဒ္ဓရဲ့အဆုံးအမတွေကို ခံယူရတဲ့အတွက် ထိုလှေကားထစ်လေးများက ငြိမ်းချမ်းခြင်းတို့စုစည်းရာ နိဗ္ဗာန်ကိုသွားတဲ့ခရီးတစ်ခုနဲ့တူတယ်လို့ မှတ်ယူကြပြန်ပါတယ်။
ပုံသဏ္ဌာန်(Form)နှင့် အကျိုးသက်ရောက်မှု
အဆောက်အဦးတစ်ခုရဲ့ ပုံသဏ္ဌာန်(Form)ဟာ ကြည့်ရှုသူတွေရဲ့စိတ်ခံစားမှုကို အကျိုးသက်ရောက်စေတဲ့ အဓိကကျတဲ့လက္ခဏာတစ်ခုဆိုလည်း မမှားပါဘူး။ အဆောက်အဦးရဲ့ အပြင်ပိုင်းပုံသဏ္ဍန်ကို ကြည့်ရုံနဲ့ အတွင်းထဲမှာဘာတွေရှိနိုင်လဲဆိုတဲ့ ကြည့်ရှုသူတွေရဲ့ စူးစမ်းလိုစိတ်ကို လှုံ့ဆော်နိုင်သလို ၎င်းရဲ့မျက်နှာစာ(facade)၊ အရွယ်အစား(size)၊ အရောင်(colour)၊ မျက်နှာပြင်တို့ရဲ့ချောမှု၊ ကြမ်းမှု(texture) စတာတွေက အဆောက်အဦးပုံသဏ္ဌာန်(Form)ရဲ့ အရည်အသွေးတွေကို ဖြည့်ဆည်းပေးနေပြီး ပုံသဏ္ဌာန်(form)ရဲ့ စွမ်းဆောင်ရည်တွေကို ပိုအားကောင်းစေပါတယ်။ ရဲတိုက်ကမျှော်စင်တွေနဲ့ မိုးမျှော်တိုက်ကြီးတွေရဲ့ ကောင်းကင်ထိုးထွက်နေတဲ့ပုံသဏ္ဍန်က ကြည့်ရှုတွေကို ငေးမောအံ့အားသင့်စေပြီး ၎င်းအဆောက်အဦးဆောက်လုပ်သူတွေကို အံ့သြချီးမွမ်းစေပါတယ်။ ထို့အတူ အလယ်ခေတ်က ဘုရားကျောင်းတွေမှာတွေ့ရတဲ့ အတန်းလိုက် ကျားကန်အထောက်အခံ(buttress)တွေ(ပုံ-၃)၊ မိုးမျှော်တိုက်တွေမှာတွေ့ရတဲ့ စီတန်းနေတဲ့ ပြတင်းပေါက်တွေဟာ အမြင်အားဖြင့် စည်းချက်ညီတဲ့ ခံစားမှု (Rhythm)ကိုပေးပါတယ်။ (ပုံ-၄) ဤနည်းအားဖြင့် အဆောက်အဦးတစ်ခုရဲ့ ပုံသဏ္ဌာန်(Form)နဲ့ သွင်ပြင်လက္ခဏာတွေက ကြည့်ရှုသူတွေကို ခံစားမှုအမျိုးမျိုးနဲ့ သက်ရောက်မှုအမျိုးမျိုး ပေးနိုင်တာကို တွေ့နိုင်ပါတယ်။
သို့ဖြစ်၍ ဗိသုကာပညာရှင်တွေ ဖန်တီးထားတဲ့ ဗိသုကာလက်ရာတွေရဲ့ အပြင်ပိုင်းပုံသဏ္ဌာန် (FORM)၏ အရေးပါပုံ၊ ဘာသာရေးအယူအဆများနှင့် ဆက်စပ်ပုံ၊ ကြည့်ရှုသူတို့အား ခံစားမှုအမျိုးမျိုး ပေးနိုင်ပုံတို့ကို တင်ပြလိုက်ရာ စာဖတ်သူတို့အနေဖြင့် အတိုင်းအတာတစ်ခုအထိ ဗဟုသုတရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
အာကာမိုးသူ (တတိယနှစ်၊ ဗိသုကာ)
______________________________________________
Every Friday on AAS-YTU Facebook Page

ပုံ - ၁

ပုံ - ၂

ပုံ - ၃

ပုံ- ၄



Comments