Students' Pieces
- AAS-YTU

- May 1, 2020
- 1 min read
Students’ Pieces | Week 13
———————————————————
အီဂျစ်ခေတ် ကိုးကွယ်မှုနှင့် ဗိသုကာ
အီဂျစ်ဟု ဆိုလိုက်သည်နှင့် မံမီရုပ်အလောင်းများနှင့် ပိရမစ်များကို ပြေးမြင်ကြမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် တည်ရှိနေသည့် ကြီးကျယ်ခမ်းနားသော ပိရမစ်များ၊ ဘုရားကျောင်းများကြောင့် အီဂျစ်သည် ထင်ရှားသည်။ ထိုသ်ို့ ပြောင်မြောက်လှသော ဗိသုကာလက်ရာများအပေါ်တွင် အီဂျစ်လူမျိုးများ၏ ကိုးကွယ်ယုံကြည်မှုသည် တစ်စိတ်တစ်ပိုင်း လွှမ်းမိုးမှုရှိသည်ကို တွေ့ရသည်။ အီဂျစ်လူမျိုးများသည် နတ်ဘုရားများကို ကိုးကွယ်ယုံကြည်ကြသည်။ သေဆုံးခြင်းကို တမလွန်ဘဝသို့သွားရာ လမ်းခရီးအဖြစ် မှတ်ယူကြပြီး ရုပ်အလောင်းသည် မပျက်မစီးဘဲ ရှိမှသာလျှင် နောင်ဘဝသို့ ကုးပြောင်းနိုင်မည်ဟု လက်ခံယုံကြည်ကြသည်။ ထိုအယူအဆကြောင့်ပင် ရုပ်အလောင်းများကို ဆေးရည်စိမ်ကာ မံမီအဖြစ် စီမံခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ သက်ဦးဆံပိုင်ဘုရင်များဖြစ်ကြသည့် ဖာရိုဘုရင်များကို အထွဋ်အမြတ်ထားသည့်အလျောက် ၄င်းတို့၏ ရုပ်အလောင်းများ မပုပ်သိုး၊ မပျက်စီးစေရန် စီမံဆောင်ရွက်ခဲ့ကြသည်။ ရုပ်အလောင်းများကို ကာကွယ်ထိန်းသိမ်းရန် ဂူသင်္ချိုင်းများကို တည်ဆောက်ခဲ့ကြသည်။ ဂူသင်္ချိုင်းများကို ထာဝရ တည်မြဲစေရန် ရည်ရွယ်ခဲ့ပြီး ရာသီဥတုဒဏ်၊ တိုက်စားမှုဒဏ်တို့်ကို ခံနိုင်ရည်ရှိအောင် ရွှံ့အုတ်(mud brick)၊ ကျောက်(stone) တို့ကို သုံး၍ တည်ဆောက်ခဲ့သည်။
အီဂျစ်သမိုင်းကြောင်းကို အကြမ်းအားဖြင့် Old Kingdom, Middle Kingdom, New Kingdom ဟူ၍ သုံးပိုင်းခွဲနိုင်သည်။ Old Kingdomတွင် လက်ရှိအချိန်ထိ တင်ကျန်ခဲ့သော ဗိသုကာလက်ရာများမှာ ဖာရိုဘုရင်များ၏ ဂူသင်္ချိုင်းများ ဖြစ်သည်။ ၄င်းတို့အထဲမှ ထင်ရှားသော ဖာရို Djoser၏ ဂူသင်္ချိုင်းနှင့် ရှေးဟောင်းကမ္ဘာ့အံ့ဖွယ်(၇)ပါးထဲတွင် ပါဝင်သည့် Great Pyramid of Giza တို့အကြောင်းကို အကျဉ်းချုံး ဖော်ပြသွားပါမည်။
Tomb of the Pharaoh Zoser
ဖာရိုဘုရင် Zoser(Djoser)၏ ရုပ်အလောင်းကို မြှုပ်နှံထားရှိသည့် ဂူသင်္ချိုင်းကို Saqqaraအနီး၌ တွေ့ရှ်ိနိုင်သည်။ အတွင်းသို့ ဝင်နေသော အနားစောင်းများဖြင့် ဖွဲ့စည်းထားသည့် လေးထောင့်ပုံစံ ထိုဂူသင်္ချိုင်းပုံစံမျိုးကို mastaba ဟု ခေါ်ပြီး ရွှံ့အုတ်များဖြင့် တည်ဆောက်ထားသည်။ အရွယ်အစားမတူညီသည့် mastabas ၆ ခုကို တစ်ခုပေါ်တစ်ခု ထပ်၍ အထက်သို့ရောက်လေ အရွယ်အစားသေးလေ ပုံစံမျိုးရအောင် ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ ထိုသို့သော ဂူသင်္ချိုင်းကို Stepped Pyramid ဟုလည်း ခေါ်ကြပြီး ကွယ်လွန်ပြီးသော ဖာရိုဘုရင်တို့အတွက် ကောင်းကင်ဘုံသို့ တက်လှမ်းရန် လှေကားကို ကိုယ်စားပြုသည်ဟုလည်း မှတ်ယူကြသည်။ ဂူသင်္ချိုင်းများ ပိုမို လုံခြုံမှုရှိစေရန် နှင့် အမြင်ပသာဒအရလည်း ပိုမိုထင်ရှားစေရန် နောက်ပိုင်းတွင် ပိရမစ်ပုံစံ ဆောက်လုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
Pyramids of Giza
အံ့ဖွယ်(၇)ပါးထဲတွင် ပါဝင်သည့် Great pyramid of Giza ကတော့ အီဂျစ်နိုင်ငံရဲ့ မြို့တော် ကိုင်ရိုမြို့အနီး၌ တည်ရှိပါသည်။ ထုံးကျောက်တုံးများဖြင့် တည်ဆောက်ထားသော ပိရမစ်ကြီးသည် နေရောင်အောက်တွင် တဖိတ်ဖိတ်တောက်ပလျက်ရှိသည်။ ထိုတောက်ပနေသောအနားများက နေရောင်ခြည်တန်းတွေကို သင်္ကေတပြုခြင်းဖြစ်ပြီး ထိုနေရောင်ခြည်တန်းတွေကပဲ ဖာရိုဘုရင်တွေကို နေနတ်ဘုရားဆီ သယ်ဆောင်ပေးသွားတယ်လို့ အီဂျစ်လူမျိုးတွေက ယုံကြည်ခဲ့ကြပါသည်။
Ancient Egyptian Art & Architecture ရဲ့ ရွှေခေတ်လို့ ပြောစမှတ်ပြုကြတဲ့ New Kingdom ရောက်တဲ့အခါမှာတော့ ကြီးကျယ်ခမ်းနားတဲ့ ဘုရားကျောင်းတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ အီဂျစ်ခေတ် ဗိသုကာလက်ရာများဟာ အသေးစိတ်ခြယ်မှုန်းထားခြင်း၊ ထုထည်ကြီးမားခြင်း၊ နှစ်ပေါင်းများစွာတိုင် တည်တံ့နိုင်ခြင်း စသည်တို့ကြောင့် ထင်ရှားကျော်ကြားကာ ယနေ့ထက်တိုင် ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လည်ပတ်လျက်ရှိပေသည်။ ထိုပြောင်မြောက်လှသော ဗိသုကာလက်ရာများမှ အီဂျစ်လူမျိုးများ၏ ကိုးကွယ်ယုံကြည်မှုကိုသာမက အုပ်ချုပ်မှုစနစ်၊ လူနေမှုစနစ်နှင့် ဗိသုကာအဆင့်အတန်းမြင့်မားခဲ့ပုံ စသည်တို့ကိုပါ လေ့လာသိရှိနိုင်ပေသည်။
မဇင်ငြိမ်းအေး (ဒုတိယနှစ်၊ ဗိသုကာ)
———————————————————
Reference: The Story of Architecture from the Antiquity to the Present
Every Friday on AAS-YTU Facebook Page

Pyramid of Zoser

Pyramid of Giza



Comments