top of page

Students' Pieces

  • Writer: AAS-YTU
    AAS-YTU
  • Apr 18, 2020
  • 2 min read

Students’ Pieces | Week 11


———————————————————-


မြို့ပြအတွက် စဉ်းစားမိတဲ့ အချက် (၆) ချက်


ဒီနောက်ပိုင်းနှစ်တွေမှာ အပြောများလာကြတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “ရာသီဥတု ပြောင်းလဲလာခြင်းလို့ခေါ်တဲ့ “Climate Change” အကြောင်းပါပဲ။ မြို့ထဲမှာနေရတာ၊ အလုပ်လုပ်ရတာဟာ မြို့ပြင်မှာနေရတာထက် ပိုပူတယ်ဆိုပြီး အပြောများလာကြပါတယ်။ ဒါကို ဥတုဆိုင်ရာဖြစ်ရပ်အရဆိုရင် Urban Heat Island (UHI) လို့ဆိုတဲ့ မြို့ပြအပူကျွန်းလို့ခေါ်ပါတယ်။ မကြာတော့တဲ့ နှစ်တွေမှာ လူဦးရေ သန်း ၇၀၀၀ ကျော်လက်ခံထားရတော့မယ့် ကမ္ဘာမြေကြီးမှာ ဒီလူဦးရေတွေက မှီတည်နိုင်မယ့် မြို့ပြအနေအထားတစ်ခုကို ရအောင် ပညာရှင်အသိုင်းအဝိုင်းက ကြိုးစားနေကြတာ ဆယ်စုနှစ်တစ်ခုနဲ့ ချီလာခဲ့ပါပြီ။ ဒီလိုကြိုးစားနေကြတဲ့ အချိန်အနေအထားတစ်ခုမှာ Climate Change ဖြစ်ရပ်က မြို့ပြစီမံကိန်းအတွက် စဉ်းစားစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။


MIT က ပညာရှင် Rolan Pellenq နဲ့ National Centre for Scientific Research က ဦးဆောင်တဲ့ သုတေသနတစ်ခုရဲ့ အဆိုအရ မြို့ပြရဲ့ ပုံစံက gird ကွက်အရမ်းဆန်လွန်ပြီး အရမ်းကြပ်နေရင် အပူကိုလှောင်ထားသလိုဖြစ်ပြီး မြို့ပြကို ပိုပူစေပါတယ်တဲ့။ ဒါဟာ မြို့ပေါင်း ၅၀ ကျော်ကို သုတေသနပြုလုပ်ပြီး ရလာတဲ့ အဖြေလို့ဆိုပါတယ်။ ဒါတွေကနေ သိလာရတာက သဘာဝပတ်ဝန်းကျင် သဟဇာတရှိဖို့ဆိုတာ မြို့ပြစီမံကိန်းတစ်ခုကို ပုံဖော်နေသူတွေအတွက် အရေးကြီးတယ်ဆိုတာပါပဲ။


မြို့ပြတစ်ခုကို ပုံဖော်တဲ့နေရာမှာ ပါဝင်ပတ်သက်နေတဲ့ အချက်တွေအများကြီးပါဝင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ၊ လူမှုဘဝဖူလှုံမှုတွေ၊ စီးပွါးရေးဆိုင်ရာ အချက်အချာကျမှုတွေ၊ လူမျိုးစုတည်နေပုံတွေ၊ အခြားမြို့ပြတွေနဲ့ ဆက်စပ်မှုရှိနေပုံတွေ စတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြို့ပြတစ်ခုထဲမှာ နေထိုင်ရှင်သန်နေတဲ့ လူသားတွေရဲ့ ပြုမူဆောင်ရွက်နိုင်မှုတွေဟာ မြို့ပြကို ပုံဖော်ရာမှာ အရေးပါဆုံးနေရာကနေပါဝင်ပါတယ်။ အရေးကြီးဆုံးအရာက လူတွေကိုယ်တိုင်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။


ဖော်ပြပါအချက်တွေထဲကနေ လက်ရှိနေထိုင်သူတွေနဲ့ အနီးစပ်ဆုံးရှိနေမယ့် အချက် (၆) ချက်ကို ရွေးထုတ်မိပါတယ်။ အဲ့ဒါတွေကတော့ -

(၁) ထိန်းသိမ်းစောင့်ရှောက်မှု (Preservation)

(၂) မျှတခြင်းရှိမှု (Mix)

(၃) လျှောက်လမ်းအလုံအလောက်ရှိမှု (Walk)

(၄) စက်ဘီးအသုံးပြုရန် လွယ်ကူမှု (Bike)

(၅) ဆက်သွယ်ထားခြင်းလွယ်ကူမှု (Connectedness)

(၆) အများပြည်သူသယ်ယူပို့ဆောင်ရေးအဆင်ပြေမှု (Public Transportation) တို့ပဲဖြစ်ပါတယ်။


(၁) ထိန်းသိမ်းစောင့်ရှောက်မှု (Preservation)


ထိန်းသိမ်းစောင့်ရှောက်မှုလို့ဆိုရာမှာလည်း အမျိုးကွဲတွေရှိပါသေးတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ သဟဇာတဖြစ်မှု ပြတ်တောက်သွားရင် လူတွေအသက်မရှင်နိုင်သလို မြို့ပြတွေဟာလည်း သေဆုံးသွားပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုနဲ့အတူ မြို့ပြတစ်ခုကို တည်ထောင်ပါမှ ဒီမြို့ပြဟာ ရေရှည်အနေနဲ့ တည်တံ့နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုအမွေအနှစ်လို့ဆိုတဲ့ အဆောက်အအုံ၊ အထိမ်းအမှတ်ရုပ်ထုတွေအပြင် လူနေမှုစရိုက်လက္ခဏာကလည်း အဆိုပါမြို့ပြနဲ့အတူ တည်ရှိနေမယ့် အဖိုးတန်ရတနာတွေပဲ ဖြစ်ပါတယ်။


(၂) မျှတခြင်းရှိမှု (Mix)


မျှတခြင်းရှိမှုဆိုတာမှာလည်း မြေနေရာမျှတမှု၊ အလုပ်အကိုင်အခွင့်အလမ်းမျှတမှုနဲ့ အသက်၊ လူမျိုး အချိုးအစားမျှတမှုတို့ကို ဆိုလိုပါတယ်။ မြို့ပြမှာ တစ်မျိုးတည်းသော အခန်းကဏ္ဍက ထင်ပေါ်နေပြီး ကျန်တာတွေကို အုပ်မိုးထားမယ်ဆိုရင် သာတူညီမျှမရှိမှုနဲ့ အဆိုပါမြို့ပြဟာ သာယာမှုရှိမှာ မဟုတ်ပါဘူး။


(၃) လျှောက်လမ်း (Walk)


သင်ကမ္ဘာ့မြို့ကြီးတွေကို ရောက်တိုင်း လမ်းလျှောက်ရင်းနဲ့ပဲ အလှအပတွေကို ခံစားဖူးချင်မှာပါ။ ခရီးထွက်မယ်ဆိုရင်လည်း လမ်းလေးတွေနဲ့ သာသာယာယာရှိတဲ့ နေရာတွေကို ဦးစားပေးရွေးချယ်မိမှာပါ။ ဒါဆိုဘာလို့နေရာတိုင်းမှာ လျှောက်လမ်းတွေရှိဖို့ မကြိုးစားရမှာလဲ။ လျှောက်လမ်းလုံလုံလောက်လောက်ရှိခြင်းအားဖြင့် မော်တော်ယာဉ်သုံးစွဲမှုကို တစ်ဖက်တစ်လမ်းက လျှော့ချနိုင်ပြီး သစ်ပင်စိုက်ဖို့နေရာလည်း ပေးသလိုဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို သဟဇာတဖြစ်စေရာရောက်ပါတယ်။


(၄) စက်ဘီးအသုံးပြုရန်လွယ်ကူမှု (Bike)


တရုတ်နိုင်ငံဟာဆိုရင် နောက်ပိုင်းနှစ်တွေမှာ စက်ဘီးစီးဖို့အတွက်သတ်မှတ်တဲ့လမ်း (Bike Lane) ကို ၆ မီတာအထိသတ်မှတ်တည်ဆောက်ဖို့ ဥပဒေတွေထိ ထည့်သွင်းလာတာကိုတွေ့နိုင်ပါတယ်။ သွားလာဆက်သွယ်ရေးနည်းလမ်းတွေထဲမှာ စက်ဘီးစီးခြင်းက ထိရောက်မှုအရှိဆုံးနဲ့ ပတ်ဝန်းကျင်ကိုအကျိုးသက်ရောက်မှုအနည်းဆုံးဆိုတာကို အားလုံးကသိထားပြီးဖြစ်ပါတယ်။


(၅) ဆက်သွယ်ထားခြင်းလွယ်ကူမှု (Connectedness)


နေရာတစ်နေရာကနေ တစ်နေရာကိုသွားဖို့ လမ်းမကြီးတစ်ခုထဲရှိတဲ့အစား လမ်းလျှောက်ဖို့ ဆက်သွယ်ထားတဲ့ လမ်းလေးတွေအများအပြားရှိခြင်းက မြို့နေလူသားတွေအတွက် ပိုပြီးကောင်းတဲ့ ဆက်သွယ်မှုတစ်ခုကိုရစေပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့ရဲ့ မြို့ပြပုံစံက လမ်းမကြီးနှစ်ခုကြားမှာ လမ်းသွယ်လေးတွေနဲ့ ဆယ်သွယ်ထားစေခဲ့တဲ့ ဒီဇိုင်းကို ကြည့်နိုင်ပါတယ်။ ကမ္ဘာကျော်ဗိသုကာပညာရှင် လီကော်ဘူးဆေးရဲ့ မြို့ပြဒီဇိုင်းတစ်ခုဖြစ်တဲ့ Chandigarh မြို့ဟာ အနာဂတ်အတွက်ရည်မှန်းပြီး မော်တော်ယာဉ်တွေ အတွက် အဓိကစဉ်းစားထားခဲ့တယ်ဆိုပေမယ့် တစ်နေရာနဲ့တစ်နေရာက ဝေးကွာလွန်းပြီး အဆက်အသွယ်ပြုလုပ်ဖို့ ခက်ခဲစေခဲ့ပါတယ်။ ဒါဟာ connectedness လို့ခေါ်တဲ့ ကူးလူးဆက်သွယ်မှုလွယ်ကူခြင်းကို ဟန့်တားစေခဲ့ပါတယ်။


(၆) အများပြည်သူ သယ်ယူပို့ဆောင်ရေးအဆင်ပြေမှု (Public Transportation)


သယ်ယူပို့ဆောင်ရေးလွယ်ကူတဲ့ မြို့တွေက အစစအရာရာမှာ တိုးတက်မှုနှုန်း ပိုမြန်တာကိုတွေ့ရမှာပါ။ MRT လိုအများပြည်သူသုံးဖို့အဆင်ပြေလွယ်ကူတဲ့ ပို့ဆောင်ဆက်သွယ်ရေးကအရေးကြီးသလို ပြန်လည်ချိတ်ဆက်ပေးမယ့် အကူးအပြောင်းနေရာ (Transit) တွေကိုလည်း ဂရုစိုက်မိဖို့ လိုပါတယ်။ Transit ဟာ node လို့သတ်မှတ်ကြတဲ့ ဆုံမှတ်နေရာတွေအဖြစ်နဲ့ မြို့ပြတစ်ခုကို ပုံဖော်နိုင်လို့ပဲဖြစ်ပါတယ်။


ဒါတွေက ကျောင်းသားတစ်ယောက်ရဲ့ အာဘော်မျှသာဖြစ်ပါတယ်။ မြို့ပြစီမံကိန်းတစ်ခုဟာ ပေါင်းစည်းလုပ်ကိုင်ရတာတွေများသလို ရေရှည်အတွက်ပါများစွာစဉ်းစားရပြီး အမြောက်အမြားသောလူတွေအတွက် အရေးကြီးတာမို့ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ စာဖတ်သူတို့ကိုယ်တိုင် ထပ်တိုးလေ့လာကြရင်း အကျိုးဖြစ်ထွန်းပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။


ကိုထွဋ်ဝေယံ (ပဥ္စမနှစ်၊ ဗိသုကာ)


References -

1. How Urban Planning Can Cope with Urban Planning, ArchDaily

2. Build for Better Cities, Peter Calthorpe


———————————————————


Every Friday on AAS-YTU Facebook Page

ree

Comments


bottom of page